ပိုးတီကောင်တွင်း မှတ်တမ်း

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ ကမ္ဘာသူ/သား ယောက်တိတိ ပိုးတီကောင်တွင်းကို ဖြတ်သန်းကာ လာရောက် လည်ပတ်ခဲ့ကြပါသည်။

Saturday, July 11, 2009

ဓားဝေဒ သို့မဟုတ် ဗီလိန်တစ်ယောက် အကြောင်း

အခမ်းအနားမှူး ဒေါက်တာ စန္ဒာထွဋ်သည် ခန်းမကြီး၏ အ၀င်ပေါက်အနီး စားပွဲကလေးပေါ်ရှိ ဧည့်သည်တော် မှတ်တမ်းကို တချက်သွားကြည့်ပြီး ၄င်းအတွက် သတ်မှတ်ပေးထားသော ခုံနေရာသို့ ပြန်လာသည်။ စာတမ်းဖတ်ပွဲကျင်းပရာ ခန်းမကြီးသည် လူ ၁၅၀ - ၂၀၀ ခန့် ၀င်ဆန့်နိုင်အောင် ကျယ်ဝန်းသော်လည်း ခန်းမအတွင်း ရင့်ကျက် ခန့်ညားသော အသွင်ရှိသည့် လူ ၄၀ ကျော် ၅၀ ခန့်သာ ကျိုးတိုးကျဲတဲ ထိုင်နေကြသည်။ သို့သော် ယနေ့ပြုလုပ်မည့် စာတမ်းဖတ်ပွဲ တက်ရောက်ခွင့်ကို TAE တော်လှန်ရေး တပ်ပေါင်းစု၏ အဆင့်မြင့် အရာရှိများအတွက်သာ ကန့်သတ်ထားသဖြင့် လူစုံနေပြီဟု ပြောလို့ရသည်။ သို့ဖြစ်၍ ဒေါက်တာ စန္ဒာထွဋ်က မတ်တပ်ရပ်ကာ အခမ်းအနား စတင်ပြီဖြစ်ကြောင်း ကြေငြာပြီး စာတမ်း ဖတ်ကြား တင်ပြမည့် သမိုင်းသုတေသီ ၀ိမလအား ဧည့်သည်တော်များနှင့် မိတ်ဆက်ပေးသည်။

ဝိမလဆိုသူက ၄င်းခုံနေရာမှ အမြန်ထကာ ဟောပြောပွဲ စင်မြင့် ပြင်ဆင်ထားရာသို့ ခပ်သုတ်သုတ် လျှောက်သွားသည်။ စိတ်တည်ငြိမ်အောင် ကြိုးစား ထိန်းထားပုံရသော်လည်း ၄င်း၏မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အရောင်များ ယှက်ပြေးလျှက် ရှိသည်။ သာမာန် သုတေသန ကျောင်းသား တစ်ယောက်အနေနှင့် ယခုကဲ့သို့ အဆင့်မြင့် အရာရှိကြီးများ ရှေ့မှောက်တွင် စာတမ်း ဖတ်ကြားတင်ပြနိုင်သည့် အခွင့်အရေးမှာ ရှားပါးလှသည့်အပြင် ဖတ်ကြားမည့် စာတမ်း အကြောင်းအရာမှာလဲ အငြင်းပွားဖွယ်ရာ၊ တုန်လှုပ်ဖွယ်ရာ၊ ပရိသတ် မနှစ်ခြိုက်စရာ ဖြစ်နေလေရာ ၀ိမလသည် ဟောပြောပွဲ စင်မြင့်သို့ ရောက်သည့်တိုင် ချက်ချင်း မစတင်ဝံ့သေးပဲ အခမ်းအနားမှူးဘက်သို့သာ လှမ်းကြည့်၍ နေလေသည်။ အခမ်းအနားမှူးက ခေါင်းငြိမ့်ပြလိုက်တော့မှ ၀ိမလထံမှ အသံထွက်လာသည်။

"ကြွရောက်လာကြသော ဧည့်သည်တော်များခင်ဗျာ … ဒီနေ့ ကျွန်တော် ဖတ်ကြားမဲ့ စာတမ်းခေါင်းစဉ်ကတော့ 'ဓားဝေဒ၏ တကယ့် ငယ်ဘ၀အကြောင်း' ပဲ ဖြစ်ပါတယ်။"

တည်ငြိမ်လှသည်ဟု ထင်ရသော ပရိသတ်ဆီမှ တီးတိုးပြောသံ ခပ်အုပ်အုပ် ထွက်လာသည်။

"ရန်သူ့ဘက်က စစ်ဦးစီးချုပ်ဖြစ်သူ ဓားဝေဒရဲ့ ထေရုပတ္တိဟာ ကာလ ရွေ့လျောတာက တကြောင်း၊ မဟာဆည်းဆာ စစ်ဆင်ရေးကြီးနဲ့ နောက်ဆက်တွဲ စစ်ဆင်ရေးတွေ အောင်မြင်ဖို့အတွက် ၀ါဒဖြန့်ချိရေးတွေ အများအပြား ပြုလုပ်ခဲ့တာတွေကြောင့် တကြောင်း၊ မုန်းတီးစိတ်ကို အရင်းခံလို့ လိုအပ်သည်ထက် ချဲ့ကား ပြောဆိုမှုတွေကြောင့် တကြောင်း အကြောင်းကြောင်းတွေကြောင့် ဖြစ်ရပ်မှန်နဲ့ သွေဖီလို့ နေပါတယ်။"

ပရိသတ်ထဲမှ လူတစ်ယောက် မတ်တပ်ထရပ်၊ မေးခွန်း မေးမည်ပြုပြီးမှ ပြန်ထိုင်သည်။

"ဒီစာတမ်းအတွက် အချက်အလက်တွေကို မကြာသေးမီက သိမ်းပိုက်ရရှိတဲ့ ရန်သူ့ ရှေ့တန်းစခန်းက မှတ်တမ်းတွေကို စစ်ဆေးခြင်း၊ ဓားဝေဒကို ကိုယ်တိုင် မြင်တွေ့ဖူးခဲ့တဲ့ ဂျာဂျားဆိုသူနဲ့နီးစပ်တဲ့သူတွေရဲ့ အဆက်အနွယ်တွေထံ ချဉ်းကပ် မေးမြန်းခြင်းနဲ့ ပြီးခဲ့တဲ့ လပိုင်းက ထိပ်တန်း လျို့ဝှက်အဆင့်ကနေ ပယ်ဖျက်ပေးလိုက်တဲ့ မဟာဆည်းဆာ စစ်ဆင်ရေး အစီအမံနဲ့ သက်ဆိုင်တဲ့ အချက်အလက် မှတ်တမ်းများကို လေ့လာခြင်းတို့မှ ရရှိခဲ့ပါတယ်။ အချက်အလက်တွေကို တိုက်ဆိုင် စစ်ဆေးလိုက်တဲ့အခါမှာ ဓားဝေဒဟာ အများ လက်ခံ ယုံကြည်ထားကြသလို ငယ်ကတည်းက မိုက်မဲ ဆိုးသွမ်းတဲ့ လူဆိုး၊ လူမိုက်တစ်ယောက် မဟုတ်ကြောင်း တွေ့ရှိရပါတယ်။"

ဝိမလ စကားမဆုံးမီပင် ပရိသတ်များထံမှ အသံများ ထွက်လာပြန်သည်။ ဒီတခါတော့ အခမ်းအနားမှူးက လက်ပြမှ ပရိသတ်များ အသံတိတ်ပြီး ၀ိမလ ဆက်ပြောလို့ရသည်။

"ပထမဆုံးအနေနဲ့ ဓားဝေဒရဲ့ အမည်ရင်းဟာ ဓားဝေဒ မဟုတ်ပါဘူး။ ဒါးရသ် ဗေဒါ (ငယ်မည် - မသိ) ပဲ ဖြစ်ပါတယ်။"

ရှေ့ဆုံးနားတွင် ထိုင်နေသူတစ်ယောက်က မတ်တပ်ထ၍ "ဓားဝေဒဟာ ဓားရေး ကျွမ်းကျင်လွန်းပြီး သူ့ကို သင်ကြားခဲ့တဲ့ ဆရာကိုတောင် ပြန်ခုတ်သတ်ခဲ့တယ်။ နောင်ဖြစ်မဲ့ အဖြစ်အပျက်တွေကို တိတိကျကျ သိမြင်နိုင်အောင် ဝေဒပညာမှာ တဖက်ကမ်းခတ်တယ်။ ဒါတွေကြောင့် ဓားဝေဒလို့ ခေါ်ကြတာ မဟုတ်ဘူးလား။" ဟုမေးလေသည်။

"မဟုတ်ပါဘူး။ ဒါဟာ ကာလရွေ့လျောလို့ အမှတ်အယူမှားကြတာပါ။ သူဟာ ဓားရေးကျွမ်းကျင်ပြီး ဆရာကိုတောင် တယောက်ချင်း ယှဉ်ပြိုင် အနိုင်ယူနိုင်ခဲ့တာ မှန်ပေမဲ့ ဒီအတွက်ကြောင့် နာမည်ရှေ့မှာ ဓား တပ်ခေါ်တာ မဟုတ်ပါဘူး။ ဒါးရသ်ဟာ သူရဲကောင်းဘွဲ့တမျိုးပဲ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်ဖတ်ရှုရတဲ့ မှတ်တမ်းတွေအရ သူဟာ သူ့ဆရာနဲ့ ၂ ကြိမ်တိတိ ဓားရေး ယှဉ်ပြိုင်ခဲ့ပြီး ပထမအကြိမ်မှာ သူရှုံးနိမ့်ခဲ့ပါတယ်။ အများပြောနေကြသလို မူစတာဖာမှာ သူ့ဆရာ့ကို ခုတ်သတ်ခဲ့တာ မဟုတ်ပါဘူး။ တကယ်တမ်းက … "

အခမ်းအနားမှူးက ကြားဖြတ်ပြီး စာတမ်းအကြောင်းကိုပဲ ဆက်ပြောပါရန် ပြောလေသည်။ ၀ိမလလဲ စာတမ်းပါ အကြောင်းအရာများကို ဆက်လက် ပြောကြားရတော့သည်။

"ဒုတိယ အချက်ကတော့ သူဟာ ကျွန်အဖြစ်မှ လွတ်မြောက်ဖို့အတွက် သူ့အမေကို သေတဲ့အထိ ပစ်ထားခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ သူဟာ သူ့အမေကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။"

"ဒါဆိုရင် သူကျွန်ဘ၀က ဘယ်လို လွတ်သလဲ။ သူ့ကို နှုတ်သွားတဲ့အခါမှာ သူ့အမေက ကျွန်အဖြစ် ကျန်နေရတယ် မဟုတ်ဘူးလား။" … ပရိသတ်ထဲမှ အသံ။

"သူ့ကို နှုတ်သွားတဲ့အခါမှာ သူ့အမေက ကျွန်အဖြစ်ကျန်ရတယ်ဆိုတာ မှန်ပေမဲ့ သူနဲ့ နေရာချင်းလဲလိုက်တာ မဟုတ်ပါဘူး။ တကယ်က သူ့အမေက ကျွန်ဖြစ်လို့ သူက ကျွန်ဖြစ်ရတဲ့သဘောပါ။ အိမ်ပါကျွန်ခေါ်တာပေါ့။"

"ဒါဆိုရင် သူ့ကို နှုတ်တော့ သူ့အမေကို ဘာပြုလို့ မနှုတ်တုန်း။"

"ဒီအကြောင်းအရာတွေက ကျွန်တော်တို့လဲ သေချာ မသိရှိရသေးပါဘူး။ သူ့အမေကိုလဲ ကျွန်အဖြစ်က နှုတ်တဲ့သူနဲ့ သူ့ကို နှုတ်တဲ့လူ တစ်ယောက်တည်းဟုတ်၊ မဟုတ်တောင် ကျွန်တော်တို့ … " ၀ိမလက အခန်းအနားမှူး ဒေါက်တာ စန္ဒာထွဋ်ကို တချက်ကြည့်ပြီး "… ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။"

ဝိမလက စာတမ်းကို ဆက်လက် ဖတ်ကြားသည်။ အနည်းငယ် ဖတ်ပြီးတိုင်းလဲ ပြန်လှန်မေးခွန်းက ထွက်လာစမြဲပင်။ လူတို့မည်သည် မိမိတို့ သိရှိထားသည်နှင့် ကွဲလွဲနေလျှင် မကျေနပ်နိုင်ကြ။ အခမ်းအနားမှူးက မကြာခဏ ကြားဝင်ကာ ၀ိမလကို ဆက်လက် ဟောပြောရန် စေခိုင်းရသည်။ ပရိသတ်တို့ အဓိက မကျေနပ်နိုင်သည်မှာ မူစတာဖာမှ အဖြစ်အပျက်များပင် ဖြစ်သည်။ ၄င်းတို့ အစဉ်အဆက် မှတ်သားလာသည်မှာ သူ့ဆရာနှင့် သူ၏ချစ်သူတို့ကို သစ္စာဖောက်သည်ဟု စွပ်စွဲပြီး နှစ်ဦးစလုံးကို အသေသတ်ပစ်လိုက်သည်ဟူ၍ ဖြစ်သည်။ ၀ိမလက ဤသို့မဟုတ်၊ နှစ်ဦးစလုံး မူစတာဖာမှ အသက်ရှင်လျှက် ထွက်သွားနိုင်ခဲ့သည်၊ ဓားဝေဒကသာ ဒဏ်ရာပြင်းစွာ ရရှိသွားသည်ဟု ဆိုနေလေသည်။ ၀ိမလက သူ၏သီဝရီကို အောက်ပါအတိုင်း ရှင်းပြသည်။

"ဓားဝေဒဟာ နောင်ဖြစ်မဲ့ အဖြစ်တွေကို တနည်းနည်းနဲ့ ကြိုသိခဲ့ပါတယ်။ အထူးသဖြင့် သူ့ဇနီး သေဆုံးမဲ့အဖြစ်ကို သူဟာ ကြိုတင်ပြီး သိမြင်ခဲ့တယ်။ အမေကို ဆုံးရှုံးခဲ့ရတဲ့ ဓားဝေဒဟာ ဒါကို လက်မခံနိုင်ဘူး။ ဒါကြောင့် ကံကြမ္မာကို ဟန့်တားနိုင်မဲ့ နည်းလမ်း၊ သေခြင်းကို တားမြစ်နိုင်မဲ့ နည်းလမ်းကို မရရအောင် ရှာဖွေဖို့ ကြိုးစားတယ်။ သူဟာ အများက လေးစားရတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ပေမဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကိုတောင် မငဲ့ကွက်နိုင်ပဲ မလေ့လာကောင်းတဲ့ မိစ္ဆာ စွမ်းအားတွေကိုပါ ချစ်သူအတွက် လေ့လာခဲ့တယ်။ အများက သူ့ကို ၀ိုင်းဝန်းရှုံ့ချနေကြပါစေ၊ မုန်းတီးနေကြပါစေ၊ သူ့ချစ်သူကိုသာ ကယ်တင်နိုင်မယ်ဆိုရင် သူပေးဆပ်ရတာ တန်တယ်လို့ သူတွေးခဲ့တယ်။ သူ့ချစ်သူက သူ့ကို နားလည်နိုင်မယ်၊ သူတွေးသလိုပဲ တွေးလိမ့်မယ်လို့ သူထင်ခဲ့တယ်။ သူဟာ အချစ်ဆိုတာ ချစ်နေရုံနဲ့မပြီး၊ ချစ်တဲ့သူကို အကာအကွယ်ပေးဖို့ လိုတယ်လို့ ခံယူခဲ့တယ်။"

"သူဟာ သူ့ဆရာကိုလဲ သူ့အစ်ကိုရင်းလို သဘောထားတာကြောင့် သူ့ဇနီးနဲ့ သင်္ကာမကင်း မဖြစ်ပါဘူး၊ သူသိပါတယ်။ ဒါပေမဲ့ သူတို့ ၂ ယောက်သား သူ့ကို မူစတာဖာမှာ လိုက်ခေါ်ကြတော့ သူ့ဆရာမှာ ဓားပါလာတယ်။ ဒါကြောင့် သူ့ဇနီးဟာ ချစ်တာတခုပဲ သိတယ်၊ သူမအတွက် အကာအကွယ်ပေးချင်တာကို နားမလည်နိုင်ပဲ သူ့ကိုတောင် သေစေချင်နေပြီ၊ သတ်ဖို့တောင် လူခေါ်လာပြီလို့ အထင်လွဲသွားတယ်။ တကယ်တော့ ဓားဝေဒဟာ သိပ်ချစ်တတ်တဲ့သူ တစ်ယောက်ပါ။"ဟု ၀ိမလက ဆိုသည်။ "သူ့ဇနီးကို သူချစ်လွန်းလို့၊ သူလုပ်နေတာအားလုံးက အချစ်အတွက် ဆိုတာကို နားမလည်ရကောင်းလားဆိုပြီး ဒေါသထွက်လို့ လည်ပင်းညှစ်မိတာပါ။"

"အဲဒါနဲ့ပဲ ကောင်မလေး သေတာပဲ မဟုတ်လား။"

"ဓားဝေဒဟာ ဒေါသအလျောက် လုပ်မိပေမဲ့ သူ့ဇနီးကို သူချစ်လွန်လွန်းလို့ သတိမေ့ရုံလောက်ပဲ လုပ်ခဲ့တာပါ။ နောက်ပြီး သူလည်ပင်းညှစ်နေတာကို သူ့ဆရာက မြင်တော့ မတားပဲ မနေလောက်ပါဘူး။ တားမှာပါပဲ။"

"ဆိုလိုတာက ဓားဝေဒရဲ့ ဇနီးဟာ မသေဘူးပေါ့။"

"အမှန်ပါပဲ။ ဓားဝေဒ ဒဏ်ရာ ရသွားတော့ သူတို့ ၂ ယောက် မူစတာဖာကနေ ထွက်သွားပါတယ်။"

"သူ့ဇနီးက ဓားဝေဒကို မခေါ်ဘူးလား။ ဒီတိုင်း ထားပစ်ခဲ့သလား။ မင်းရဲ့ သီဝရီမှာ ဟာကွက်တွေ အများကြီးပဲ ရှိနေတာ သတိထားမိရဲ့လား။"

"ဒီတစ်ချက်ကိုတော့ ကျွန်တော်တို့လဲ မရှင်းလင်းသေးပါဘူး။ ဖြစ်နိုင်တာတချက်က ဓားဝေဒရဲ့ ဇနီးဟာ နေ့စေ့လစေ့ကြီးမို့ မီးဖွားဖို့ လိုတာကြောင့် … "

"နေ့စေ့လစေ့ကြီး …" "မီးဖွားတယ် …"

ပရိသတ်ရဲ့ အသံများ ဆူညံသွားပြန်သည်။ အခမ်းအနားမှူးက စားပွဲခုံကိုထုကာ အတင်း ငြိမ်ခိုင်းရသည်။ အားလုံး ငြိမ်သွားပြီးမှ ခပ်၀၀ လူရွယ်တစ်ယောက်က ခပ်ငေါ့ငေါ့လေသံဖြင့် ထမေးပြန်သည်။

"ဒါဖြင့် ဓားဝေဒမှာ မျိုးဆက်ရှိတယ်ပေါ့။"

"တော်လှန်ရေး တပ်ပေါင်းစုရဲ့ သူရဲကောင်းဖြစ်သူ လုကာဟာ ဓားဝေဒရဲ့ သားဖြစ်နိုင်ကြောင်း အထောက်အထားတွေ တွေ့ရှိရပါတယ်။"

ခန်းမကြီးတခုလုံး ပွက်လောရိုက်အောင် ဆူညံသွားပြန်သည်။ ပရိသတ်များက အထောက်အထားများကို ကြည့်ရှုခွင့်တောင်းကြသည်။ အခမ်းအနားမှူးက အတင်း ကြားဖြတ်ပြီး ၄င်းအထောက်အထားများမှာ ယနေ့တိုင် ထိပ်တန်း လျို့ဝှက် အဆင့်အဖြစ် သတ်မှတ်ထားသဖြင့် ကြည့်ရှုခွင့် မပြုနိုင်ကြောင်း၊ စာတမ်းဖတ်ပွဲ အောင်မြင်စွာ ပြီးဆုံးပြီ ဖြစ်သဖြင့် ခန်းမ အပြင်ဘက်တွင် တည်ခင်းထားသော အစားအသောက်များကို သုံးဆောင်ရင်း ထိပ်တန်းလျို့ဝှက်အဆင့်မှ ပယ်ဖျက်လိုက်ပြီဖြစ်သော မှတ်တမ်းအချို့ကို ကြည့်ရှုနိုင်ကြောင်း ကြေငြာသည်။ ပရိသတ်များမှ ၀ိမလကို မေးခွန်းများ မေးရန် ချဉ်းကပ်သွားသော်လည်း ၀ိမလက လုံခြုံရေးအစောင့်များက ခြံရံလျှက် ခန်းမအတွင်းမှ ထွက်ခွာသွားသည်။

ခဏမျှ အကြာတွင် ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲများ တက်ရောက်ရုံမျှအပ ညနေပိုင်းများတွင် မည်သည့် အလုပ်မျှ မည်မည်ရရ မရှိသော အဆင့်မြင့်အရာရှိ လက်တဆုပ်စာမျှသည် ယနေ့စာတမ်းဖတ်ပွဲ အစားအသောက်များ မနေ့ကထက် ပိုမို ကောင်းမွန်သည်/ညံ့ဖျင်းသည်ကို အကျေအလည် ဆွေးနွေးနေကြလေသည်။ ထိုအချိန်တွင် အနောက်ဘက် အတ္တလန္တိတ်စစ်မျက်နှာရှိ ထောင်ပေါင်းများစွာသော တော်လှန်ရေး တပ်သားများမှာမူ ၄င်းတို့၏ တခုတည်းသော အပန်းဖြေရာဖြစ်သည့် လွတ်လပ်ရေး ရုပ်သံ အစီအစဉ်ကို ဖမ်းယူ ကြည့်ရှုနေကြသည်။ ယနေ့ည အစီအစဉ်မှာ ၀ါဒဖြန့်ချိရေး တပ်ခွဲ - ၃ မှ ရိုက်ကူး တင်ဆက်သော"ဓားဝေဒ၏ တသက်တာ မှတ်တမ်း အပိုင်း ၇ - မူစတာဖာ စီးချင်းတိုက်ပွဲ(ပရိသတ်များ၏ အားပေးတောင်းဆိုမှုအရ တတိယအကြိမ် ပြန်လည်ထုတ်လွှင့်ခြင်း)" ဖြစ်လေသည်။

Star Wars Saga မှ စိတ်ကူးရယူပါသည်။

Friday, February 6, 2009

အချစ်ဆုံးအတွက် နှင်းဆီတခင်း

"စက္ခုအာရုံ၊ သောတအာရုံ၊ ဂန္ဓာရုံ၊ ရသာရုံနဲ့ ဗောသပ္ပအာရုံနဲ့ သိရှိခံစားနိုင်တာတွေသာ အစစ်အမှန်ဆိုရင် မင်းပြောတဲ့ အစစ်အမှန် ဆိုတာ မင်းဦးဏှောက်ကသိတဲ့ လျှပ်စစ် အချက်ပြတွေပဲကွ။" Morpheus, The Matrix (1999)

အမှန်တော့ မည်သူမပြု မိမိမှုပင် ဖြစ်သည်။ အဲဒီ ဂေါက်တောက်တောက် အကောင်ကို ပြန်မချစ်လိုက်နဲ့ဟု သူမ သူငယ်ချင်းများက အတန်တန် သတိပေးခဲ့သည်ပဲ။

စက်ပစ္စည်းများဖြင့် အမြဲ အလုပ်ရှုပ်နေသော၊ တနေကုန် တကုပ်ကုပ် တွက်ချက် နေတတ်သော သူသည် ချစ်မှ ချစ်တတ်ပါလေစ။ သူမ ဒီမနက်လုံး မနက်စာကိုပင် လှည့်မကြည့်နိုင်အားပဲ၊ ပြီးစီးလုနီး ပန်းချီကားကိုပင် လက်စမသတ်နိုင်အားပဲ တံခါးဝအနီးတွင် ငုတ်တုတ်ဖြစ်နေမည်ကို သူသိမှ သိပါလေစ။

အို … ဒီနေ့ ဘာနေ့လဲဆိုတာကိုတောင် သူသိပါလေစ။

စိတ်တိုလာသဖြင့် ရုပ်သံစက်ကို ဖွင့်လိုက်သည်။ ကပ္ပလီ ကတုံးကြီး တစ်ယောက်နှင့် အရပ်ရှည်ရှည် မင်းသားတစ်ယောက်ကို မြင်ရသည်။ ကပ္ပလီကြီးက ဒဿနတွေ ပြောနေသည်။ ဟောလီဝုဒ်မှာ ရိုက်ခဲ့သော သိပ္ပံ စိတ်ကူးယဉ် ဇာတ်ကား ဖြစ်မည်။ မကြည့်ချင်သဖြင့် သတင်းလိုင်းကို ပြောင်းလိုက်သည်။ စက္ကူဖြင့် နှင်းဆီပန်းရုပ်ကလေးတွေ ချိုးရောင်းသောဆိုင်တွင် ကောင်လေးတွေ သူတို့ကောင်မလေးတွေအတွက် ပန်းဝယ်ဖို့ တန်းစီနေကြသည်ကို ထုတ်လွှင့်လျှက်ရှိသည်။ အဆိုပါ စက္ကူရုပ်ဆိုင်သည် ယနေ့အတွက် အထူးအစီအစဉ်အနေနှင့် နှင်းဆီပန်းရုပ် တမျိုးတည်းသာ ရောင်းချလျက်ရှိသည်ဟု ကြေငြာနေသည်။

သူမနေထိုင်ရာ Colony - 57 တွင် စိုက်ပျိုးရေးအတွက် မြေနေရာ အကန့်အသတ်ဖြင့်သာရှိသဖြင့် စားကုန်သီးနှံများကိုသာ ဦးစားပေး စိုက်ပျိုးရာ ပန်းအစစ်ကို မြင်ချင်လျှင် ပြတိုက်မှာ ဆေးစိမ်ထားတာကိုသာ သွားကြည့်ရသည်။ သို့ဖြစ်၍ ကောင်မလေးတွေကလဲ စက္ကူဖြင့် ခေါက်ထားသော နှင်းဆီပန်းများဖြင့်သာ ကျေနပ်ကြရလေသည်။ ငွေကြေးတတ်နိုင်သူများကတော့ နှင်းဆီပန်းရနံ့ကို ဈေးကြီးပေးဝယ်ကာ စက္ကူပန်းပွင့်ကလေးများတွင် ဖျန်း၍ သူတို့၏ ချစ်သူ မိန်းကလေးများကို ပေးကြသည်။

ဟိုးအရင် TAE တွင် နေထိုင်ခဲ့ကြသော မိန်းကလေးများသည် ချစ်သူများနေ့တွင် နှင်းဆီပန်း လတ်လတ်ဆတ်ဆတ်များကို လက်ခံ ရရှိကြသည်။ ပန်းအစစ်၏ ရနံ့ကို တ၀ကြီး ရှုရှိုက်ခွင့်ရသည်။ ပန်းစည်းကို တဖက်ကကိုင်၊ ကျန်တဖက်ဖြင့် ချစ်သူ့လက်မောင်းကို ယီးလေးခိုပြီး အလွန်လှပသော ရေပန်းများဖြင့် တန်ဆာဆင်ထားသည့် ပန်းခြံများတွင် လမ်းလျှောက်ကြသည်ကို သူမ ရုပ်သံစက်တွင် ကြည့်ဖူးသည်။ အိမ်ပြန်ရောက်သောအခါ ပန်းများကို တာရှည်ခံအောင် အခြောက်ခံထားဖို့ သူမတို့တတွေ အလုပ်ရှုပ်ကြရပေဦးမည်။ မည်မျှ ကြည်နူးဖွယ်ကောင်းပါသနည်း။ ကိုလိုနီပေါ်ရှိ မိန်းကလေးများ၏ နစ်နာဆုံးရှုံးမှုအတွက် လူသားတို့ကို တော်လှန်စစ်ခင်းခဲ့သော စက်များကိုပင် အပြစ်တင်ရမည်လား၊ မိုးကောင်းကင်ကို အရောင်ဆိုးခဲ့သော ဘိုးဘွားများကိုပင် အပြစ်တင်ရမည်လား သူမ မသိနိုင်တော့။ သူမ သိသည်ကတော့ ပန်းမကြိုက်တဲ့ မိန်းကလေး ရှိလို့လားဟု သူမပြောစဉ်က ရယ်နေခဲ့သော၊ ပန်းအစစ်ကလေး တပွင့်ပဲ ဖြစ်ဖြစ် လိုချင်တာပေါ့ဟု ပူဆာစဉ်က တပွင့်မကဘူး ပန်းအစစ် ရောင်စုံ တခင်းလုံး ရစေရမယ်ဟု ရွှတ်နောက်နောက် ကတိပေးခဲ့သော သူ ပေါ်မလာခြင်းပင် ဖြစ်သည်။

ဘယ်သွားသေနေလဲ မသိဘူးဟု ရွေရွတ်ရင်း ရုပ်မြင်ဖုန်းကို သူမ ကောက်ကိုင်လိုက်သည်။ ပြီးတော့မှ မဟုတ်သေးပါဘူးဟု တွေးကာ ပြန်ချထားလိုက်သည်။ ဟိုတနေ့က ဇိုင်ယွန်ကို ခဏဆင်းမည်ဟု ပြောသည်။ ပြန်မှရောက်သေးရဲ့လား မသိ။ အဲဒီကို သွားတာ သူမ မကြိုက်၊ အန္တရာယ်များသည်။ ပြောပြန်တော့လဲ နားမထောင်၊ အရေးကြီးလို့ဟုဆိုကာ အတင်းသွားသည်။ ခဏနေတော့ ဖုန်းခလုတ်များဆီကို လက်က ရောက်သွားပြန်သည်။ ခေါ်လိုက်တော့လဲ ကိုယ်တော်မြတ်က မကိုင်၊ ပြန်မရောက်သေးတာလား၊ အိပ်ပျော်နေတာများလား။ တခါတလေ ဒီလိုပဲ ညနက်တဲ့အထိ အလုပ်လုပ်ပြီး မနက်ဆို မထတတ်။ အိပ်နေတာပဲ ဖြစ်ပါစေ။ နောက် ၃ ခါမြောက်ခေါ်သောအခါကျမှ အိပ်ယာထဲမှ ဖုန်းခလုတ်ကို လှမ်းဖွင့်လိုက်ပုံပေါ်သော ကိုယ်တော်ချောကို မျက်လုံးပိတ်လျက်သား မြင်ရသည်။ ညနက်သွားလို့ ခဏလေး အိပ်ပါရစေ ဟုလဲ ကြားလိုက်ရသေးသည်။ စိတ်ပူနေတဲ့သူကိုမှ အားမနာ။ ဖုန်းခလုတ်ကို သူမ ချက်ချင်း ပိတ်ပစ်လိုက်လေသည်။

မနေ့ညက ဆွဲလက်စ ပန်းချီကားကိုပဲ လက်စသတ်တော့မယ်ဟု တွေးရင်း အလုပ်စားပွဲတွင် သူမထိုင်သည်။ သူမ ဆွဲနေသော ပန်းချီ နည်းစနစ်သည် ဟိုးအရင် အင်တာနက် ပေါ်လာခါစက ခေတ်စားခဲ့သော နည်းလမ်းဟောင်းဖြစ်သည်။ ၂၅၆ မျိုးသော သင်္ကေတများကို နေရာတကျ ချထားခြင်းဖြင့် မိမိဆွဲလိုသော ပုံပေါ်လာအောင် ဖန်တီးရသော နည်းစနစ်ဖြစ်သည်။ အပျင်းပြေပြီး အချိန်ကုန်လို့ ကုန်မှန်းမသိသော ၀ါသနာ တရပ်လဲ ဖြစ်သည်။ သူမကတော့ သူမ တတ်ကျွမ်းသော အစီအစဉ် ဆွဲသားခြင်း (programming) နှင့် ပေါင်းစပ်ကာ သရုပ်မှန်နှင့် ပိုမိုနီးစပ်သော ပုံများကို ဆွဲသားလေ့ ရှိလေသည်။ ခေါက်ဆွဲပြုတ် တစ်ပန်းကန်ကို ဘေးမှာချကာ ရေးလိုက်၊ ဆွဲလိုက်၊ မကြိုက်လျှင် ပြင်လိုက်ဖြင့် တံခါးခေါက်သံ ကြားရသောအခါတွင်မှ ညနေစောင်းပြီဆိုတာကို သတိပြုမိလေသည်။

"ကလေး … ငါပါ။"

"ဘယ်က ငါ တုန်း။"

တော်သေးတာပေါ့။ ပေါ်လာသေးလို့။ သူသည် သူမကို ကလေးဟု ခေါ်လေ့ရှိပြီး သူ့ကိုယ်သူတော့ ငါ ဟု သုံးစွဲတတ်သည်။ အဲဒါကို သူမကလဲ တစက်ကလေးမျှ မကြိုက်။

"တံခါးဖွင့်ပါဦး ... ကလေးရဲ့။"

"ဘာလုပ်ဖို့တုန်း။"

"ဖွင့်ပြီးရင် သိမှာပေါ့။"

တွေ့လား။ အမြဲတမ်း အဲဒီလိုပဲ လျို့ဝှက်ဆန်းကြယ် လုပ်တတ်သည်။ စူပုတ်နေသော မျက်နှာဖြင့် သူမ တံခါးကို သွားဖွင့်သည်။ သူ၏ လက်ထဲတွင် ပန်းအစစ် မပြောနှင့်၊ စာရေးစက္ကူဖြင့် ပြီးစလွယ် ခေါက်ထားသော ပန်းပွင့်ကလေးပင် မပါ။ ဦးထုပ်လိုလို စက်ပစ္စည်းတစ်ခုကို သူ ကိုင်လျက်သား တံခါးဝတွင် ရပ်နေသည်။ အဆိုပါ ပစ္စည်းတွင် ဓာတ်ကြိုးများဖြင့် ရှုပ်ယှက်ခတ်နေလေသည်။

"ရော့ … အဲဒါလေး ခဏ တပ်လိုက်။"

အမိန့်သံနှင့်အတူ ထို ဦးထုပ်ကို သူလှမ်းပေးနေပြန်သည်။ ဦးထုပ်၏ နောက်စေ့နေရာတွင် အမြီးရှည်ရှည်ကြီး တခုလဲ ပါသည်။ ပမာပြောရလျှင် ရှေးခေတ် မန်ချူးတရုတ်အမတ်များဆောင်းသော အမြီးရှည်နှင့် ဦးထုပ်ပုံစံကို ဓာတ်ကြိုးများဖြင့် ပြုလုပ်ထားသည့် ကလေးကစားစရာ အပေါစားနှင့် တူနေသည်။

"ယူလေ။"

သူတကယ်ပဲ ဒီနေ့ကို မေ့နေတာပဲ။ တညလုံးလဲ ဒီဦးထုပ်စုတ်နဲ့ အလုပ်ရှုပ်နေတာ ဖြစ်ရမည်။ အခုလဲ အဲဒါကို စမ်းသပ်ချင်၍ သူမထံသို့ ရောက်လာတာပဲ။ သူသည် သူ၏ ပစ္စည်းများကို သူမကို အမြဲ စမ်းသပ် အသုံးပြုခိုင်းတတ်သည်။ ဟိုတနေ့ကလဲ အင်္ကျီလိုဟာတခုကို စမ်းဝတ်လိုက်ရာ ဓာတ်လိုက်ခံရသည်။ သူငယ်ချင်းတွေ စကား နားမထောင်မိတာ အခုမှ နည်းနည်း နောင်တရချင်သလို ဖြစ်လာသည်။ သူမ လှမ်းအယူကိုပင် မစောင့်တော့ပဲ သူကိုယ်တိုင် ထိုဦးထုပ်ကို သူမခေါင်းပေါ်သို့ ဆောင်းလိုက်လေသည်။

"ဟာ … ဖယ်။ မယူဘူး။"

စိတ်တိုတိုနှင့် သူမ ငြင်းမိပါသည်။

"လိမ္မာပါတယ်ကလေးရယ်။ တညလုံး မအိပ်ရသေးလို့ မနက်က ဖုန်းထမကိုင်တာပါ။"

ကြည့် … ဘာကို စိတ်ဆိုးနေမှန်းတောင် မသိ။ တော်တီးတီးတုံပဲ။ ငြင်းလို့လဲရမှာမဟုတ်တဲ့အတူတူ အသာဆောင်းထားလိုက်ရသည်။ ဦးထုပ်နောက်က အမြီးအရှည်ကြီးသည် သူမ၏ တင်ပါးနားအထိ ရောက်နေသည်။ အမြီးရှည်ကြီး သူမ၏နောက်ကျော အလယ်တည့်တည့် ကျောရိုးနေရာတွင် ရှိနေပြီး နေရာလွဲမသွားစေရန်သူက ကြိုးများဖြင့် ချည်လိုက်သေးသည်။ ဒီတခါ ဓာတ်လိုက်ရင် ရုန်းမရအောင် တုတ်ထားတာထင်ပါရဲ့။ သူမစိတ်ကို လျှော့ထားလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ အသင့်ဖြစ်ပြီလားဟု ကြားလိုက်ရပြီး သူမ၏ အဖြေကိုပင် မစောင့်ပဲ စက်အပေါ်ပိုင်းရှိ ခလုတ်တခုကို သူ ဖွင့်လိုက်လေသည်။

သိပ္ပံဝတ္ထုများထဲကလို လျှပ်စီးလဲမလက်၊ ၀ုန်းကနဲလဲ မမြည်ခဲ့ပါ။ သို့သော် သူမ၏ အိမ်ခန်းထဲတွင် မဟုတ်တော့တာတော့ သေချာသည်။ သူမ မျက်လုံးများကို ပိတ်ထားသော်လည်း သူမ မြင်နေရသည်။ လေအေးပေးစက်ကို ပိတ်ထားသော်လည်း လေပြေလေညှင်းကလေးက သူမခန္ဓာကိုယ်ကို ပွတ်သပ် ကျီစယ်နေသည်။ သူမ၏ နှာခေါင်းဝသို့ မွှေးရနံ့တခုကလဲ အသာအယာ တိုးဝင်လာသည်။ သူမမှတ်မိသည်၊ ဒါ နှင်းဆီပန်းရနံ့။ သို့သော် ပြတိုက်မှာ နမူနာပြထားသော ရနံ့ထုတ်စက်မှ ရနံ့လို ပုံသေ စူးစူးကြီး ဖြစ်မနေ။ တိုက်ခတ်နေသော လေပြေလေညှင်းနှင့်အတူ ပန်းရနံ့က တိုးလာလိုက်၊ လျော့သွားလိုက်။ မျက်စိရှေ့မှ မြင်ကွင်းသည်ကား မယုံနိုင်ဖွယ်ရာ ကောင်းလွန်းတော့သည်။ အနီ၊ အပြာ၊ အ၀ါ၊ အဖြူ၊ အပန်း - ရောင်စုံ၊ နှင်းဆီပန်းတွေ ရောင်စုံပါလား။ မျက်စိတဆုံး၊ သူမ ပတ်ပတ်လည်မှာ အပြည့်အ၀ ပွင့်လန်းနေသော နှင်းဆီပန်းခင်းကြီး။ မဆီမဆိုင် မနက်တုန်းက မြင်လိုက်ရသည့် ကပ္ပလီမင်းသားကြီး၏ ဒဿနတွေ သူမ အမှတ်ရလာသည်။ ဘာပဲ ပြောပြော သူ ကတိတည်ခဲ့ပါသည်။

"စက္ခုအာရုံ၊ သောတအာရုံ၊ ဂန္ဓာရုံ၊ ရသာရုံနဲ့ ဗောသပ္ပအာရုံနဲ့ သိရှိခံစားနိုင်တာတွေသာ အစစ်အမှန်ဆိုရင် မင်းပြောတဲ့ အစစ်အမှန် ဆိုတာ မင်းဦးဏှောက်ကသိတဲ့ လျှပ်စစ် အချက်ပြတွေပဲကွ။" Morpheus, The Matrix (1999)

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက လောကအလှ online မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသည့် ၀တ္ထုကို အနည်းငယ် ပြုပြင်ကာ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။ The Matrix Trilogy၊ I, Robot၊ Gundam X Series နှင့် ဂျူး၏ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ တို့မှ စိတ်ကူး ရယူပါသည်။

စာမူများ ခေါ်ယူခြင်း

TAH မှ ပုံပြင်များသည် သိပ္ပံစိတ်ကူးယဉ်နှင့် ပုံပြင်များ (Sci-Fi and Fantasy) ကို မြန်မာ့ စာပေလောကတွင် မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကြံဆထားသော အခြားအချိန်ကာလတစ်ခု (An Alternate Time-line) ဖြစ်ပြီး ၀တ္ထုရေးသားမှုကို စိတ်ပါဝင်စားသူ မည်သူမဆို ၀တ္ထုတို၊ ၀တ္ထုလတ်နှင့် ၀တ္ထုရှည်များ lawshay@lawshay.com သို့ ပေးပို့နိုင်ပါသည်။

သိပ္ပံစိတ်ကူးယဉ်နှင့် ပုံပြင်များကို လောရှည်က ပိုမိုနှစ်သက်သော်လည်း ပေးပို့လာသော ဇာတ်လမ်းအားလုံးကို TAH ၏ သမိုင်းကြောင်း (Time-line) နှင့် ကိုက်ညီမှုရှိပါက မည်သည့် အမျိုးအစားကိုမဆို ဖော်ပြမည် ဖြစ်ပါသည်။

ပေးပို့လာသော ဇာတ်လမ်းအားလုံးကို TAH ၏ သမိုင်းကြောင်းနှင့် ကိုက်ညီစေရန်၊ သတ်ပုံသတ်ညွှန်း မှန်ကန်စေရန်နှင့် ၀ါကျအထားအသို စနစ်ကျစေရန် မူရင်းရသကို မထိခိုက်စေပဲ အပေါ်ယံ ပြုပြင်မည်ဖြစ်ပြီး ပြုပြင်မှုအားလုံးကို ရေးသားသူထံ ပေးပို့ အတည်ပြုပြီးမှ ဖော်ပြမည် ဖြစ်ပါသည်။ပေးပို့လာသော ၀တ္ထုဇာတ်လမ်းနှင့် ဇာတ်ကောင်များအားလုံးကို မူလ ရေးသားသူသာ ဆက်လက် ပိုင်ဆိုင်မည်ဖြစ်ပြီး အခြားနေရာများတွင် ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ပါသည်။ သို့သော် ၄င်းတို့ကို အခြေတည်၍ အခြားစာရေးသူတို့က ကိုယ်ပိုင်ဇာတ်လမ်းများ ဆင့်ပွား ရေးသားကောင်း ရေးသားမည် ဖြစ်သဖြင့် (TAH မှ ပုံပြင်များ၏ မူဝါဒအရ ထိုသို့ ဆင့်ပွား ရေးသားခြင်းကို ခွင့်ပြုရုံမျှမက အားပေးပါသည်။) သမိုင်းကြောင်း ကိုက်ညီမှုရှိစေရန်အတွက် (For canonical reasons) TAH မှ ပုံပြင်များတွင် ဖော်ပြထားပြီးသော ဇာတ်လမ်း (နှင့် ဇာတ်ကောင်များ) ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ရန် တောင်းဆိုခြင်းကိုမူ လုံးဝ ခွင့်ပြုမည် မဟုတ်ပါ။