ပိုးတီကောင်တွင်း မှတ်တမ်း

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ ကမ္ဘာသူ/သား ယောက်တိတိ ပိုးတီကောင်တွင်းကို ဖြတ်သန်းကာ လာရောက် လည်ပတ်ခဲ့ကြပါသည်။

Friday, February 6, 2009

အချစ်ဆုံးအတွက် နှင်းဆီတခင်း

"စက္ခုအာရုံ၊ သောတအာရုံ၊ ဂန္ဓာရုံ၊ ရသာရုံနဲ့ ဗောသပ္ပအာရုံနဲ့ သိရှိခံစားနိုင်တာတွေသာ အစစ်အမှန်ဆိုရင် မင်းပြောတဲ့ အစစ်အမှန် ဆိုတာ မင်းဦးဏှောက်ကသိတဲ့ လျှပ်စစ် အချက်ပြတွေပဲကွ။" Morpheus, The Matrix (1999)

အမှန်တော့ မည်သူမပြု မိမိမှုပင် ဖြစ်သည်။ အဲဒီ ဂေါက်တောက်တောက် အကောင်ကို ပြန်မချစ်လိုက်နဲ့ဟု သူမ သူငယ်ချင်းများက အတန်တန် သတိပေးခဲ့သည်ပဲ။

စက်ပစ္စည်းများဖြင့် အမြဲ အလုပ်ရှုပ်နေသော၊ တနေကုန် တကုပ်ကုပ် တွက်ချက် နေတတ်သော သူသည် ချစ်မှ ချစ်တတ်ပါလေစ။ သူမ ဒီမနက်လုံး မနက်စာကိုပင် လှည့်မကြည့်နိုင်အားပဲ၊ ပြီးစီးလုနီး ပန်းချီကားကိုပင် လက်စမသတ်နိုင်အားပဲ တံခါးဝအနီးတွင် ငုတ်တုတ်ဖြစ်နေမည်ကို သူသိမှ သိပါလေစ။

အို … ဒီနေ့ ဘာနေ့လဲဆိုတာကိုတောင် သူသိပါလေစ။

စိတ်တိုလာသဖြင့် ရုပ်သံစက်ကို ဖွင့်လိုက်သည်။ ကပ္ပလီ ကတုံးကြီး တစ်ယောက်နှင့် အရပ်ရှည်ရှည် မင်းသားတစ်ယောက်ကို မြင်ရသည်။ ကပ္ပလီကြီးက ဒဿနတွေ ပြောနေသည်။ ဟောလီဝုဒ်မှာ ရိုက်ခဲ့သော သိပ္ပံ စိတ်ကူးယဉ် ဇာတ်ကား ဖြစ်မည်။ မကြည့်ချင်သဖြင့် သတင်းလိုင်းကို ပြောင်းလိုက်သည်။ စက္ကူဖြင့် နှင်းဆီပန်းရုပ်ကလေးတွေ ချိုးရောင်းသောဆိုင်တွင် ကောင်လေးတွေ သူတို့ကောင်မလေးတွေအတွက် ပန်းဝယ်ဖို့ တန်းစီနေကြသည်ကို ထုတ်လွှင့်လျှက်ရှိသည်။ အဆိုပါ စက္ကူရုပ်ဆိုင်သည် ယနေ့အတွက် အထူးအစီအစဉ်အနေနှင့် နှင်းဆီပန်းရုပ် တမျိုးတည်းသာ ရောင်းချလျက်ရှိသည်ဟု ကြေငြာနေသည်။

သူမနေထိုင်ရာ Colony - 57 တွင် စိုက်ပျိုးရေးအတွက် မြေနေရာ အကန့်အသတ်ဖြင့်သာရှိသဖြင့် စားကုန်သီးနှံများကိုသာ ဦးစားပေး စိုက်ပျိုးရာ ပန်းအစစ်ကို မြင်ချင်လျှင် ပြတိုက်မှာ ဆေးစိမ်ထားတာကိုသာ သွားကြည့်ရသည်။ သို့ဖြစ်၍ ကောင်မလေးတွေကလဲ စက္ကူဖြင့် ခေါက်ထားသော နှင်းဆီပန်းများဖြင့်သာ ကျေနပ်ကြရလေသည်။ ငွေကြေးတတ်နိုင်သူများကတော့ နှင်းဆီပန်းရနံ့ကို ဈေးကြီးပေးဝယ်ကာ စက္ကူပန်းပွင့်ကလေးများတွင် ဖျန်း၍ သူတို့၏ ချစ်သူ မိန်းကလေးများကို ပေးကြသည်။

ဟိုးအရင် TAE တွင် နေထိုင်ခဲ့ကြသော မိန်းကလေးများသည် ချစ်သူများနေ့တွင် နှင်းဆီပန်း လတ်လတ်ဆတ်ဆတ်များကို လက်ခံ ရရှိကြသည်။ ပန်းအစစ်၏ ရနံ့ကို တ၀ကြီး ရှုရှိုက်ခွင့်ရသည်။ ပန်းစည်းကို တဖက်ကကိုင်၊ ကျန်တဖက်ဖြင့် ချစ်သူ့လက်မောင်းကို ယီးလေးခိုပြီး အလွန်လှပသော ရေပန်းများဖြင့် တန်ဆာဆင်ထားသည့် ပန်းခြံများတွင် လမ်းလျှောက်ကြသည်ကို သူမ ရုပ်သံစက်တွင် ကြည့်ဖူးသည်။ အိမ်ပြန်ရောက်သောအခါ ပန်းများကို တာရှည်ခံအောင် အခြောက်ခံထားဖို့ သူမတို့တတွေ အလုပ်ရှုပ်ကြရပေဦးမည်။ မည်မျှ ကြည်နူးဖွယ်ကောင်းပါသနည်း။ ကိုလိုနီပေါ်ရှိ မိန်းကလေးများ၏ နစ်နာဆုံးရှုံးမှုအတွက် လူသားတို့ကို တော်လှန်စစ်ခင်းခဲ့သော စက်များကိုပင် အပြစ်တင်ရမည်လား၊ မိုးကောင်းကင်ကို အရောင်ဆိုးခဲ့သော ဘိုးဘွားများကိုပင် အပြစ်တင်ရမည်လား သူမ မသိနိုင်တော့။ သူမ သိသည်ကတော့ ပန်းမကြိုက်တဲ့ မိန်းကလေး ရှိလို့လားဟု သူမပြောစဉ်က ရယ်နေခဲ့သော၊ ပန်းအစစ်ကလေး တပွင့်ပဲ ဖြစ်ဖြစ် လိုချင်တာပေါ့ဟု ပူဆာစဉ်က တပွင့်မကဘူး ပန်းအစစ် ရောင်စုံ တခင်းလုံး ရစေရမယ်ဟု ရွှတ်နောက်နောက် ကတိပေးခဲ့သော သူ ပေါ်မလာခြင်းပင် ဖြစ်သည်။

ဘယ်သွားသေနေလဲ မသိဘူးဟု ရွေရွတ်ရင်း ရုပ်မြင်ဖုန်းကို သူမ ကောက်ကိုင်လိုက်သည်။ ပြီးတော့မှ မဟုတ်သေးပါဘူးဟု တွေးကာ ပြန်ချထားလိုက်သည်။ ဟိုတနေ့က ဇိုင်ယွန်ကို ခဏဆင်းမည်ဟု ပြောသည်။ ပြန်မှရောက်သေးရဲ့လား မသိ။ အဲဒီကို သွားတာ သူမ မကြိုက်၊ အန္တရာယ်များသည်။ ပြောပြန်တော့လဲ နားမထောင်၊ အရေးကြီးလို့ဟုဆိုကာ အတင်းသွားသည်။ ခဏနေတော့ ဖုန်းခလုတ်များဆီကို လက်က ရောက်သွားပြန်သည်။ ခေါ်လိုက်တော့လဲ ကိုယ်တော်မြတ်က မကိုင်၊ ပြန်မရောက်သေးတာလား၊ အိပ်ပျော်နေတာများလား။ တခါတလေ ဒီလိုပဲ ညနက်တဲ့အထိ အလုပ်လုပ်ပြီး မနက်ဆို မထတတ်။ အိပ်နေတာပဲ ဖြစ်ပါစေ။ နောက် ၃ ခါမြောက်ခေါ်သောအခါကျမှ အိပ်ယာထဲမှ ဖုန်းခလုတ်ကို လှမ်းဖွင့်လိုက်ပုံပေါ်သော ကိုယ်တော်ချောကို မျက်လုံးပိတ်လျက်သား မြင်ရသည်။ ညနက်သွားလို့ ခဏလေး အိပ်ပါရစေ ဟုလဲ ကြားလိုက်ရသေးသည်။ စိတ်ပူနေတဲ့သူကိုမှ အားမနာ။ ဖုန်းခလုတ်ကို သူမ ချက်ချင်း ပိတ်ပစ်လိုက်လေသည်။

မနေ့ညက ဆွဲလက်စ ပန်းချီကားကိုပဲ လက်စသတ်တော့မယ်ဟု တွေးရင်း အလုပ်စားပွဲတွင် သူမထိုင်သည်။ သူမ ဆွဲနေသော ပန်းချီ နည်းစနစ်သည် ဟိုးအရင် အင်တာနက် ပေါ်လာခါစက ခေတ်စားခဲ့သော နည်းလမ်းဟောင်းဖြစ်သည်။ ၂၅၆ မျိုးသော သင်္ကေတများကို နေရာတကျ ချထားခြင်းဖြင့် မိမိဆွဲလိုသော ပုံပေါ်လာအောင် ဖန်တီးရသော နည်းစနစ်ဖြစ်သည်။ အပျင်းပြေပြီး အချိန်ကုန်လို့ ကုန်မှန်းမသိသော ၀ါသနာ တရပ်လဲ ဖြစ်သည်။ သူမကတော့ သူမ တတ်ကျွမ်းသော အစီအစဉ် ဆွဲသားခြင်း (programming) နှင့် ပေါင်းစပ်ကာ သရုပ်မှန်နှင့် ပိုမိုနီးစပ်သော ပုံများကို ဆွဲသားလေ့ ရှိလေသည်။ ခေါက်ဆွဲပြုတ် တစ်ပန်းကန်ကို ဘေးမှာချကာ ရေးလိုက်၊ ဆွဲလိုက်၊ မကြိုက်လျှင် ပြင်လိုက်ဖြင့် တံခါးခေါက်သံ ကြားရသောအခါတွင်မှ ညနေစောင်းပြီဆိုတာကို သတိပြုမိလေသည်။

"ကလေး … ငါပါ။"

"ဘယ်က ငါ တုန်း။"

တော်သေးတာပေါ့။ ပေါ်လာသေးလို့။ သူသည် သူမကို ကလေးဟု ခေါ်လေ့ရှိပြီး သူ့ကိုယ်သူတော့ ငါ ဟု သုံးစွဲတတ်သည်။ အဲဒါကို သူမကလဲ တစက်ကလေးမျှ မကြိုက်။

"တံခါးဖွင့်ပါဦး ... ကလေးရဲ့။"

"ဘာလုပ်ဖို့တုန်း။"

"ဖွင့်ပြီးရင် သိမှာပေါ့။"

တွေ့လား။ အမြဲတမ်း အဲဒီလိုပဲ လျို့ဝှက်ဆန်းကြယ် လုပ်တတ်သည်။ စူပုတ်နေသော မျက်နှာဖြင့် သူမ တံခါးကို သွားဖွင့်သည်။ သူ၏ လက်ထဲတွင် ပန်းအစစ် မပြောနှင့်၊ စာရေးစက္ကူဖြင့် ပြီးစလွယ် ခေါက်ထားသော ပန်းပွင့်ကလေးပင် မပါ။ ဦးထုပ်လိုလို စက်ပစ္စည်းတစ်ခုကို သူ ကိုင်လျက်သား တံခါးဝတွင် ရပ်နေသည်။ အဆိုပါ ပစ္စည်းတွင် ဓာတ်ကြိုးများဖြင့် ရှုပ်ယှက်ခတ်နေလေသည်။

"ရော့ … အဲဒါလေး ခဏ တပ်လိုက်။"

အမိန့်သံနှင့်အတူ ထို ဦးထုပ်ကို သူလှမ်းပေးနေပြန်သည်။ ဦးထုပ်၏ နောက်စေ့နေရာတွင် အမြီးရှည်ရှည်ကြီး တခုလဲ ပါသည်။ ပမာပြောရလျှင် ရှေးခေတ် မန်ချူးတရုတ်အမတ်များဆောင်းသော အမြီးရှည်နှင့် ဦးထုပ်ပုံစံကို ဓာတ်ကြိုးများဖြင့် ပြုလုပ်ထားသည့် ကလေးကစားစရာ အပေါစားနှင့် တူနေသည်။

"ယူလေ။"

သူတကယ်ပဲ ဒီနေ့ကို မေ့နေတာပဲ။ တညလုံးလဲ ဒီဦးထုပ်စုတ်နဲ့ အလုပ်ရှုပ်နေတာ ဖြစ်ရမည်။ အခုလဲ အဲဒါကို စမ်းသပ်ချင်၍ သူမထံသို့ ရောက်လာတာပဲ။ သူသည် သူ၏ ပစ္စည်းများကို သူမကို အမြဲ စမ်းသပ် အသုံးပြုခိုင်းတတ်သည်။ ဟိုတနေ့ကလဲ အင်္ကျီလိုဟာတခုကို စမ်းဝတ်လိုက်ရာ ဓာတ်လိုက်ခံရသည်။ သူငယ်ချင်းတွေ စကား နားမထောင်မိတာ အခုမှ နည်းနည်း နောင်တရချင်သလို ဖြစ်လာသည်။ သူမ လှမ်းအယူကိုပင် မစောင့်တော့ပဲ သူကိုယ်တိုင် ထိုဦးထုပ်ကို သူမခေါင်းပေါ်သို့ ဆောင်းလိုက်လေသည်။

"ဟာ … ဖယ်။ မယူဘူး။"

စိတ်တိုတိုနှင့် သူမ ငြင်းမိပါသည်။

"လိမ္မာပါတယ်ကလေးရယ်။ တညလုံး မအိပ်ရသေးလို့ မနက်က ဖုန်းထမကိုင်တာပါ။"

ကြည့် … ဘာကို စိတ်ဆိုးနေမှန်းတောင် မသိ။ တော်တီးတီးတုံပဲ။ ငြင်းလို့လဲရမှာမဟုတ်တဲ့အတူတူ အသာဆောင်းထားလိုက်ရသည်။ ဦးထုပ်နောက်က အမြီးအရှည်ကြီးသည် သူမ၏ တင်ပါးနားအထိ ရောက်နေသည်။ အမြီးရှည်ကြီး သူမ၏နောက်ကျော အလယ်တည့်တည့် ကျောရိုးနေရာတွင် ရှိနေပြီး နေရာလွဲမသွားစေရန်သူက ကြိုးများဖြင့် ချည်လိုက်သေးသည်။ ဒီတခါ ဓာတ်လိုက်ရင် ရုန်းမရအောင် တုတ်ထားတာထင်ပါရဲ့။ သူမစိတ်ကို လျှော့ထားလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ အသင့်ဖြစ်ပြီလားဟု ကြားလိုက်ရပြီး သူမ၏ အဖြေကိုပင် မစောင့်ပဲ စက်အပေါ်ပိုင်းရှိ ခလုတ်တခုကို သူ ဖွင့်လိုက်လေသည်။

သိပ္ပံဝတ္ထုများထဲကလို လျှပ်စီးလဲမလက်၊ ၀ုန်းကနဲလဲ မမြည်ခဲ့ပါ။ သို့သော် သူမ၏ အိမ်ခန်းထဲတွင် မဟုတ်တော့တာတော့ သေချာသည်။ သူမ မျက်လုံးများကို ပိတ်ထားသော်လည်း သူမ မြင်နေရသည်။ လေအေးပေးစက်ကို ပိတ်ထားသော်လည်း လေပြေလေညှင်းကလေးက သူမခန္ဓာကိုယ်ကို ပွတ်သပ် ကျီစယ်နေသည်။ သူမ၏ နှာခေါင်းဝသို့ မွှေးရနံ့တခုကလဲ အသာအယာ တိုးဝင်လာသည်။ သူမမှတ်မိသည်၊ ဒါ နှင်းဆီပန်းရနံ့။ သို့သော် ပြတိုက်မှာ နမူနာပြထားသော ရနံ့ထုတ်စက်မှ ရနံ့လို ပုံသေ စူးစူးကြီး ဖြစ်မနေ။ တိုက်ခတ်နေသော လေပြေလေညှင်းနှင့်အတူ ပန်းရနံ့က တိုးလာလိုက်၊ လျော့သွားလိုက်။ မျက်စိရှေ့မှ မြင်ကွင်းသည်ကား မယုံနိုင်ဖွယ်ရာ ကောင်းလွန်းတော့သည်။ အနီ၊ အပြာ၊ အ၀ါ၊ အဖြူ၊ အပန်း - ရောင်စုံ၊ နှင်းဆီပန်းတွေ ရောင်စုံပါလား။ မျက်စိတဆုံး၊ သူမ ပတ်ပတ်လည်မှာ အပြည့်အ၀ ပွင့်လန်းနေသော နှင်းဆီပန်းခင်းကြီး။ မဆီမဆိုင် မနက်တုန်းက မြင်လိုက်ရသည့် ကပ္ပလီမင်းသားကြီး၏ ဒဿနတွေ သူမ အမှတ်ရလာသည်။ ဘာပဲ ပြောပြော သူ ကတိတည်ခဲ့ပါသည်။

"စက္ခုအာရုံ၊ သောတအာရုံ၊ ဂန္ဓာရုံ၊ ရသာရုံနဲ့ ဗောသပ္ပအာရုံနဲ့ သိရှိခံစားနိုင်တာတွေသာ အစစ်အမှန်ဆိုရင် မင်းပြောတဲ့ အစစ်အမှန် ဆိုတာ မင်းဦးဏှောက်ကသိတဲ့ လျှပ်စစ် အချက်ပြတွေပဲကွ။" Morpheus, The Matrix (1999)

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက လောကအလှ online မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသည့် ၀တ္ထုကို အနည်းငယ် ပြုပြင်ကာ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။ The Matrix Trilogy၊ I, Robot၊ Gundam X Series နှင့် ဂျူး၏ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ တို့မှ စိတ်ကူး ရယူပါသည်။

No comments:

စာမူများ ခေါ်ယူခြင်း

TAH မှ ပုံပြင်များသည် သိပ္ပံစိတ်ကူးယဉ်နှင့် ပုံပြင်များ (Sci-Fi and Fantasy) ကို မြန်မာ့ စာပေလောကတွင် မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကြံဆထားသော အခြားအချိန်ကာလတစ်ခု (An Alternate Time-line) ဖြစ်ပြီး ၀တ္ထုရေးသားမှုကို စိတ်ပါဝင်စားသူ မည်သူမဆို ၀တ္ထုတို၊ ၀တ္ထုလတ်နှင့် ၀တ္ထုရှည်များ lawshay@lawshay.com သို့ ပေးပို့နိုင်ပါသည်။

သိပ္ပံစိတ်ကူးယဉ်နှင့် ပုံပြင်များကို လောရှည်က ပိုမိုနှစ်သက်သော်လည်း ပေးပို့လာသော ဇာတ်လမ်းအားလုံးကို TAH ၏ သမိုင်းကြောင်း (Time-line) နှင့် ကိုက်ညီမှုရှိပါက မည်သည့် အမျိုးအစားကိုမဆို ဖော်ပြမည် ဖြစ်ပါသည်။

ပေးပို့လာသော ဇာတ်လမ်းအားလုံးကို TAH ၏ သမိုင်းကြောင်းနှင့် ကိုက်ညီစေရန်၊ သတ်ပုံသတ်ညွှန်း မှန်ကန်စေရန်နှင့် ၀ါကျအထားအသို စနစ်ကျစေရန် မူရင်းရသကို မထိခိုက်စေပဲ အပေါ်ယံ ပြုပြင်မည်ဖြစ်ပြီး ပြုပြင်မှုအားလုံးကို ရေးသားသူထံ ပေးပို့ အတည်ပြုပြီးမှ ဖော်ပြမည် ဖြစ်ပါသည်။ပေးပို့လာသော ၀တ္ထုဇာတ်လမ်းနှင့် ဇာတ်ကောင်များအားလုံးကို မူလ ရေးသားသူသာ ဆက်လက် ပိုင်ဆိုင်မည်ဖြစ်ပြီး အခြားနေရာများတွင် ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ပါသည်။ သို့သော် ၄င်းတို့ကို အခြေတည်၍ အခြားစာရေးသူတို့က ကိုယ်ပိုင်ဇာတ်လမ်းများ ဆင့်ပွား ရေးသားကောင်း ရေးသားမည် ဖြစ်သဖြင့် (TAH မှ ပုံပြင်များ၏ မူဝါဒအရ ထိုသို့ ဆင့်ပွား ရေးသားခြင်းကို ခွင့်ပြုရုံမျှမက အားပေးပါသည်။) သမိုင်းကြောင်း ကိုက်ညီမှုရှိစေရန်အတွက် (For canonical reasons) TAH မှ ပုံပြင်များတွင် ဖော်ပြထားပြီးသော ဇာတ်လမ်း (နှင့် ဇာတ်ကောင်များ) ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ရန် တောင်းဆိုခြင်းကိုမူ လုံးဝ ခွင့်ပြုမည် မဟုတ်ပါ။